အဓိကအကြောင်းအရာသို့ သွားမည်
CK Frozen Foods

 

ရန်ကုန်၊ ဇန်နဝါရီ  ၁၄

ထိုင်းနိုင်ငံ စမုပရာကန် ပြည်နယ်တွင် အခြေစိုက်ထားပြီး ထိုင်း၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် စက်ရုံ များ ဖွင့်လှစ်ကာ ငါး ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသည့် CK Frozen Foods ၏ မြန်မာ ပြည်စက်ရုံခွဲကို ယခုအခါ တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အမေရိကန်ဒေါ်လာ ၇ သန်း ရင်းနှီးမြှုပ်နှံထားသော ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အဆိုပါစက်ရုံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ အရှေ့ဒဂုံ စက်မှုဇုန်ရှိ စက်ရုံပရဝဏ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့သည်။

အားလုံးဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဒါတွေကို ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့က ရရှိတဲ့ ငွေတွေနဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်” ဟု CK Frozen Foods ၏ ပြောရေးဆိုခွင့်ရှိသူ FA KHAN က BETV Business ကို ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဈေးကွက်တွင် ရှိနေခဲ့ပြီး ယင်းအချိန်က စက်ရုံငှားရမ်းကာ လုပ်ငန်းလည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု CK က ဆိုသည်။

CP
လက်ရှိအချိန်တွင် ရေချို ရေငန်ငါးများကို နိုင်ငံပေါင်း ၂၀ သို့ ဖြန့်ချီလျက်ရှိသည်။ ( Photo-Thet Zaw Aung )

ထို့နောက် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ငါးလိုအပ်ချက်မြင့်မားနေသည်ကို သုံးသပ်မိသောကြောင့် မြန်မာနိုင်ငံတွင် မြေနေရာ ဝယ်ယူပြီး စက်ရုံတည်ဆောက်လည်ပတ်ရန် ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။ ၂၀၁၉ ခုနှစ်တွင် စက်ရုံတည်ဆောက်ပြီးစီးခဲ့ပြီး ရေချိုငါးပြုပြင်ထုတ်လုပ်ခြင်းကို အဓိကထားလုပ်ကိုင်မည်ဖြစ်ကာ အသင့်စား ဘာလချောင်ကြော်ထုတ်လုပ်ခြင်း၊ ငါးခြောက်ထုတ်လုပ်ခြင်းတို့ကိုပါ လုပ်ကိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီအနေဖြင့် လက်ဆက်သည့် ရေချို ရေငန် ငါးဈေးကွက်ကို တစ်ကမ္ဘာလုံးတွင် လွှမ်းမိုးနိုင်ရန် အာရုံစိုက်ထားပြီး ယခုလို မြန်မာပြည်တွင် ကိုယ်ပိုင်စက်ရုံဖွင့်လှစ်လိုက်ခြင်းက မြန်မာပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းကို ပြသခြင်းဖြစ်သလို အနာဂတ်တွင် ကုမ္ပဏီ၏ ကြီးမားသော အစီအစဉ်ကို ပြသချင်၍ ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ FA KHAN က ဖြည့်စွပ်ပြောဆိုသည်။

ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကမ္ဘာ့ အကြီးဆုံး စားသောက်ကုန်ထုတ်လုပ်သူဖြစ်ဖို့ ရည်မှန်းထားပါတယ်”

မြန်မာလုပ်သား ၂၀၀ ကျော် ခန့်အပ်ထားသော စက်ရုံမှနေ့စဉ် ငါးတန်ချိန် ၅၀ ကို ထုတ်လုပ်လျက်ရှိပြီး တန်ချိန် ၂၀၀၀ သိုလှောင်နိုင်သော အအေးခန်း ၃ ခန်းကိုလည်း ထားရှိထားသည်။

ADV

ထို့အပြင် ငါးခြောက်ထုတ်လုပ်မှုကို တစ်နေ့လျှင် ၂ တန်နှုန်းဖြင့် ထုတ်လုပ်ပေးနိုင်သည်ဟု ကုမ္ပဏီဘက်က ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် နိုင်ငံပေါင်း ၂၀ သို့ ရေချို ရေငန်ငါးများ အေးခဲ သိုလှောင် ပြုပြင် ဖြန့်ချီခြင်းလုပ်ငန်းများ၊ အဖျော်ယမကာနှင့် နိုင်ငံဒေသအလိုက် ထင်ရှားသော စားသောက်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

လက်တွေ့ကုန်ထုတ်လုပ်မှုအကောင်းဆုံးလက်မှတ် - GMP နှင့် HACCP လက်မှတ်၊ ဥရောပသမဂ္ဂနှင့် အမေရိကန်မှ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုလက်မှတ် မြန်မာနိုင်ငံဟာလာစားသောက်ကုန်လက်မှတ် စသည်တို့ကို ရရှိထားသည့် CK အနေဖြင့် မကြာခင်တွင် ဥရောပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။

BETV Business