အဓိကအကြောင်းအရာသို့ သွားမည်
မှုခင်းပစ်မှုကို အားပေးသည်ဆိုသည် စွပ်စွဲမှုများကို ဖင်စီက ငြင်းဆိုထားသည်။ Photo:BCB

စင်ကာပူ၊ အောက်တိုဘာ (၉)

စင်ကာပူအခြေစိုက် ဘဏ္ဍာရေးနည်းပညာလုပ်ငန်း ဖင်စီ (Fincy) သည် မြန်မာနယ်စပ်မြို့သစ်စီမံကိန်းမှ ဆုတ်ခွာသွားပြီဟု သိရှိရသည်။

ကုမ္ပဏီ၏ မြို့သစ်စီမံကိန်းတွင် ငွေကြေးလွှဲပြောင်းပေးမှုဆိုင်ရာ လုပ်ဆောင်ချက်များသည် တရားဥပဒေအရ ကာကွယ်ရန် လိုအပ်သည်ဟု စွပ်စွဲမှုများကြောင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း The Business Times သတင်းဌာနက ဖော်ပြထားသည်။

ဖင်စီ (Fincy) ဒီဂျစ်တယ်အပ်ပလီကေးရှင်းကို အသုံးပြုကာ နိုင်ငံများစွာတွင် ငွေကြေးအချင်းချင်းလဲလှယ်မှုများနှင့် ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ပြီး ၎င်းကို ကရင်ပြည်နယ်ရှိ ယထိုင်း( ရွှေကုက္ကိုလ်) မြို့တွင် နေထိုင်သူ လေးသောင်းက ကုန်သွယ်မှု၊ ငွေလွှဲပြောင်းမှု၊ လစာရရှိမှုနှင့် အခြားသော အသုံးစရိတ်များအတွက် အသုံးပြုကြသည်။

The Straits Times သတင်းစာ၏ သြဂုတ်လက သတင်းတင်ပြမှုတစ်ခုတွင် ယထိုင်း ( ရွှေကုက္ကိုလ်) မြို့ရှိ ဈေးဆိုင်ပေါင်း (၉၀%) ခန့်သည် ထိုအပလီကေးရှင်းကို အသုံးပြုကာ ငွေလွှဲပြောင်းပေးခြင်းများ လုပ်ကိုင်ကြသည်ဟု တွေ့ရှိရသည်။

အမေရိကန်ပြည်ထောင်စုလွှတ်တော်က ရန်ပုံငွေထောက်ပံ့ထားသည့် အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့အစည်း၏ မကြာခင်က ထုတ်ပြန်ချက်တွင် ယထိုင်း ( ရွှေကုက္ကိုလ်) မြို့ကို လောင်းကစားမြို့ကြီးအဖြစ် ဦးစားပေးကာ ပုံဖော်တည်ဆောက်နေသည်ဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ဖြစ်သည့် ထိုမြို့တွင် လောင်းကစားဗဟိုပြုစီမံကိန်းကို တည်ဆောက်နေပြီး တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံရှိကာ မြန်မာနိုင်ငံဥပဒေ၏ ပြင်ပတွင် လုပ်ကိုင်နေပုံရကြောင်း ဇူလိုင်လက ထုတ်ပြန်ခဲ့သည်။

ရွှေကုက္ကိုလ်မြို့သစ်ကို မြန်မာနိုင်ငံ၏ မြို့ပြဧရိယာအသစ်နှင့် ကာစီနိုမြို့တော်အဖြစ် စီစဉ်ထားသည်။ ၎င်းသည် ထိုင်း - မြန်မာနယ်စပ် မိုအီမြစ် ( သောင်ရင်းမြစ်) ပေါ်တွင် တည်ရှိနေကာ မြဝတီမြို့ မြောက်ဘက် (၂၅) ကီလိုမီတာခန့် အကွာအဝေးတွင် ရှိသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား လောင်းကစားမြို့တော်အဖြစ် ရည်ရွယ်ထားသည်။ Photo:BCB
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား လောင်းကစားမြို့တော်အဖြစ် ရည်ရွယ်ထားသည်။ Photo:BCB

တည်ဆောက်ရေးကုမ္ပဏီ၏ အဆိုအရ မြို့သစ်စီမံကိန်းတွင် လူနေအိမ်ရာ၊ ဖျော်ဖြေရေးဇုန်၊ ဟိုတယ်နှင့် ကာစီနိုရုံများ၊ ကုန်သိုလှောင်ရုံများပါဝင်သော စက်မှုဇုန်တစ်ခုနှင့် လေဆိပ်တစ်ခုတို့ ပါဝင်မည်ဟု သိရှိရသည်။ အဆိုပါမြို့သစ်စီမံကိန်းတွင် BCB Blockchain ကုမ္ပဏီနှင့် မိတ်ဘက်ပြုလုပ်ထားပြီး ၎င်းတို့၏ ကိုယ်ပိုင်လှို့ဝှက်ငွေကြေးစနစ်ကို ထားရှိမည်ဟု ကုမ္ပဏီထံမှ သိရှိရသည်။

ယထိုင်း ( ရွှေကုက္ကိုလ်) မြို့သစ်စီမံကိန်းကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ယထိုင်းအပြည်ပြည်ဆိုင်ရာဦးပိုင်အုပ်စု (Yatai IHG) က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် မိတ်ဘက်ပြုလုပ်ကာ ဆောင်ရွက်မည်ဟု သိရှိရသည်။ အကျိုးခံစားခွင့်အနေဖြင့် BGF ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီက (၃၀%) ခံစားခွင့်ရှိမည်ဟု အခြား သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စီမံကိန်းအရ မိုအစ်မြစ် ( သောင်ရင်းမြစ်) တလျှောက်တွင် ကာစီနိုရုံ (၁၇) ခုကို တည်ဆောက်မည်ဆိုသော်လည်း လွဲမှားနေသော သတင်းအချက်အလက်များရှိသည်ဆိုကာ မည်သည့်လောင်းကစားရုံကိုမျှ ခွင့်ပြုထားခြင်းမရှိဟု မြန်မာအစိုးရက ငြင်းဆိုထားသည်။

ကရင်ပြည်နယ်၊ မြဝတီရှိ ယထိုင်း ( ရွှေကုက္ကိုလ်) စမတ်စီးတီးနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်းရှိ ဒီဂျစ်တယ်ငွေပေးချေမှုများ၊ ဒီဂျစ်တယ်ပိုက်ဆံအိတ်များနှင့် လုပ်ခြုံစိတ်ချရသော ငွေပေးချေမှုမျာတွင် အခြေခံအဆောက်အအုံ နည်းပညာများအတွက် အဆိုပါစီမံကိန်းအားဖော်ဆောင်သည့် ယထိုင်းအပြည်ပြည်ဆိုင်ရာဦးပိုင်အုပ်စု (Yatai International Holding Group) က BCB Blockchain (BCB Blockchain) နည်းပညာကုမ္ပဏီနှင့် မိတ်ဘက်ပြုလုပ်ထားသည်။

ဖင်စီ (Fincy) ဘဏ္ဍာရေးနည်းပညာလုပ်ငန်းကို အဆိုပါ BCB Blockchain အပေါ်တွင် တည်ဆောက်ထားသောကြောင့် မူလငွေလွှဲသူ၏ တည်နေရာကို မဖော်ပြဘဲ လှို့ဝှက်စာအသုံးပြုနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ၎င်းသည် စမတ်စီးတီးရှိ နေထိုင်သူများ၏ လုံခြုံရေးကို လုံးဝလုံခြုံစေရန်လည်း ရည်ရွယ်နိုင်သည်။

ဖင်စီအနေဖြင့် မိခင်ကုမ္ပဏီ GBCI ထံမှ လုပ်ငန်းများဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၁၁) သန်း လက်ခံရရှိထားသည်။ Photo:Fincy
ဖင်စီအနေဖြင့် မိခင်ကုမ္ပဏီ GBCI ထံမှ လုပ်ငန်းများဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၁၁) သန်း လက်ခံရရှိထားသည်။ Photo:Fincy


 
ဖင်စီ ( Fincy) ၏ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်တွင် ကျင့်ဝတ်မညီသော လုပ်ဆောင်ချက်များနှင့် တရားမဝင်သော ဆောင်ရွက်ချက်များဖြစ်သည်ဆိုသော စွပ်စွဲမှုများကို ငြင်းဆိုသည်။

ဖင်စီ (Fincy) ပေါ်ဦးစ နည်းပညာဘဏ္ဍာရေးလုပ်ငန်းကို GBCI Ventures ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ စင်ကာပူလုပ်ငန်းရှင်  ဒေါက်ဂလက်(စ) ဂန်က မနှစ်က ပူးတွဲတည်ထောင်ခဲ့သည်။

၎င်းအနေဖြင့် စမတ်စီးတီးများအား နည်းပညာထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် BCB Blockchain ကို အမေရိကန်ဒေါ်လာ သန်း (၁၀၀) ထည့်ဝင်ထားသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ဖင်စီ (Fincy) အနေဖြင့် မိခင်ကုမ္ပဏီ GBCI Ventures မှ အမေရိကန်ဒေါ်လာ (၁၁) သန်းကို လက်ခံရရှိခဲ့ပြီး ၎င်းငွေအား ဈေးကွက်ဖြန့်ကျက်ရန်၊ ရုံးချုပ်အသစ်များ တည်ဆောက်ရန်၊ အာရှတစ်ခွင်၌ ဒေတာနက်ဝက်များ ဖြန့်ကျက်သွားရန် ရှိသည်။