အဓိကအကြောင်းအရာသို့ သွားမည်
အောက်စဖို့ဒ်တက္ကသိုလ်က အာဆီယံဈေးကွက်တွင် ဖြန့်ချီမည့် ကိုဗစ်၁၉ ကာကွယ်ဆေးအား ထိုင်းနိုင်ငံတွင် ထုတ်လုပ်မည်။ Photo:BETV Business

ဘန်ကောက်၊ အောက်တိုဘာ (၂၁)

အောက်စဖို့ဒ်က သူတို့၏ ကိုဗစ်၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် အခြေစိုက်စခန်းတစ်ခုအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်လိုက်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံဈေးကွက်သို့ ဖြန့်ချီသွားမည်ဟု သိရှိရသည်။

ထိုင်းအစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စထရာဆူရီ တိုင်ဆာရန်နာကူက အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေးအတွက် ဘတ်ငွေ တစ်ထရီလီယံအား ချထားပေးခဲ့ပြီး ဖြစ်သည်ဟု ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ကိုဗစ်၁၉ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန် ဝယ်ယူရေးနှင့် ကာကွယ်ဆေးထုတ်လုပ်ခြင်းအပါအဝင် ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ဘတ်ဂျတ်ငွေအဖြစ် ဘတ်ငွေ (၄၀) ဘီလီယံခန့်ကို ထိုင်းအစိုးရက ချထားပေးပြီးဖြစ်သည်ဟု သိရှိရသည်။

မကြာခင်က ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဖြစ်သူ အနူတင်ချန်ဗီယာကူလ်သည် ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် ကိုဗစ်၁၉ ရောဂါပိုးကာကွယ်ဆေးဆိုင်ရာ သုတေသနလုပ်ငန်းများ ခွဲဝေမှုအတွက် အောက်စဖို့ဒ်တက္ကသိုလ်နှင့် သဘောတူညီမှုစာချွန်လွှာတစ်စောင်အား လက်မှတ်ရေးထိုးခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်အနေဖြင့် ကာကွယ်ဆေးကို အာဆီယံဒေသအတွက် ထိုင်းနိုင်ငံတွင် အခြေချ ထုတ်လုပ်သွားမည်ဖြစ်သည်ဟု သိရှိရသည်။

“အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာနေတဲ့အခြေအနေမှာရှိပြီးတော့ လူတွေနဲ့ ကုသမှုတွေကိုလည်း လုပ်ဆောင်ထားပြီးတာကြောင့် ကြီးမားတဲ့ တိုးတက်မှုကိုလည်း ရရှိထားပြီးဖြစ်ပါတယ်” ဟု ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စထရာဆူရီက ဆိုသည်။

ကိုဗစ်၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ထိုင်းနိုင်ငံမှ ကျန်းမာရေးအရာရှိများနှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့သည် ထိုင်း၏ စီးပွားရေးလုပ်ငန်းကြီးဖြစ်သည့် SCG နှင့် ပူးပေါင်းလျက် Siam Bioscience Co.,Ltd စက်ရုံကို အသုံးပြုသွားမည်ဟု သိရှိရသည်။

အဆိုပါ Siam Bioscience Co.,Ltd နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့သည် သုတေသနလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းနယ်ပယ်များတွင် ရှည်ကြာစွာ လက်တွဲထားသော မိတ်ဘက်များ ဖြစ်ကြသည်။

ကိုးကား- The Nation
ဘာသာပြန်- BETV Business