အဓိကအကြောင်းအရာသို့ သွားမည်
ကနဦးရလာဒ်များအရ NLD သည် အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ကို ကျော်လွန်နေပြီဖြစ်သည်။ ဓာတ်ပုံ - သက်ဇော်အောင် (BETV Business)

နေပြည်တော်၊ နိုဝင်ဘာလ (၁၀)

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ပြည်သူများ လူမှုစီးပွားတိုးတက်မြင့်မားလာစေရေးအတွက် ဘက်စုံထောင့်စုံမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ ယိုဟီက ယနေ့တွင် ပြောကြားခဲ့သည်။

၎င်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့  နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက်က နေပြည်တော်၌ တွေ့ဆုံစဉ် မစ္စတာ ဆာဆာကာဝါက ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဌအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-အတိုင်ပင်ခံရုံး
နိပွန်ဖောင်ဒေးရှင်းဥက္ကဌအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-အတိုင်ပင်ခံရုံး

မစ္စတာ ဆာဆာကာဝါသည် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ကိုဗစ်၁၉ ကာကွယ်ရေး၊ စည်းမျဉ်းများနှင့်အညီ စီမံထားပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ကာ ၎င်းရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ပြုကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် မစ္စတာ ဆာဆာကာဝါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Natioanl League for Democracy-NLD) ပါတီ အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အများဆုံးရရှိရှိပြီး အောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူး ဂုဏ်ပြုပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ပါကြောင်း၊ စီမံခန့်ခွဲမှုများကို အထူးပင် စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက်လည်း စနစ်တကျ စီမံ ဆောင်ရွက်ထားပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လည်း အပြည့်အဝ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် နယ်မြေဒေသများတွင် ငြိမ်းချမ်းရေးအသီးအပွင့်များ ရရှိခံစားနိုင်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် အထူးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောက်ထပ် ဖွဲ့စည်းမည့် အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေး အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း နိပွန်ဖောင်ဒေးရှင်းဥက္ကဌက ပြောဆို။ ဓာတ်ပုံ-အတိုင်ပင်ခံရုံး
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း နိပွန်ဖောင်ဒေးရှင်းဥက္ကဌက ပြောဆို။ ဓာတ်ပုံ-အတိုင်ပင်ခံရုံး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီမှုများကို ကျေးဇူးတင်ရှိ ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဂျပန်နိုင်ငံအစိုးရက စေလွှတ်သော လေ့လာရေးအဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီး Mr. Ichiro MARUYAMA  တို့ တက်ရောက်ခဲ့ကြသည်။ 

လက်ရှိအချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်များကို အပြီးသတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးသော်လည်း ကနဦး ထုတ်ပြန်ချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် အစိုးရဖွဲ့စည်းနိုင်သည့် ရလာဒ်ထက်ကျော်လွန်ကာ မဲအနိုင်ရရှိနေပြီဖြစ်ကြောင်း ရှေ့ပြေးသတင်းများအရ သိရှိရသည်။