အဓိကအကြောင်းအရာသို့ သွားမည်
နောက်ထပ်ဖွဲ့စည်းမည့် မြန်မာအစိုးရနှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်စေရေး မျှော်လင့်။ ဓာတ်ပုံ-ဂျပန်ဝန်ကြီးချုပ်ရုံးဖေ့စ်ဘွတ်ခ်

နေပြည်တော်၊ နိုဝင်ဘာ (၁၀)

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲအများဆုံးရရှိသည့် ပါတီအဖြစ် ထူးထူးကဲကဲအနိုင်ရခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း ပြသသည့် သဝဏ်လွှာများကို ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ခဲ့ကြောင်း အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီးဒေမှ  ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သော သဝဏ်လွှာတွင် -

"မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဆွေတော်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထူးထူးကဲကဲ အနိုင်ရခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါကြောင်း၊ ဂျပန်နိုင်ငံသည် နောက်ထပ်ဖွဲ့စည်းမည့်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ ဆက်လက်ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အဆွေတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမြင်ချင်းဖလှယ် တိုင်ပင်ဆွေးနွေးနိုင်မည်ကို ဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်" ဟု ရေးသား ပေးပို့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်များ ဂျပန်နိုင်ငံမှ ဆက်လက်ထောက်ပံ့ကူညီသွားမည်။ ဓာတ်ပုံ - အတိုင်ပင်ခံရုံး
မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်များ ဂျပန်နိုင်ငံမှ ဆက်လက်ထောက်ပံ့ကူညီသွားမည်။ ဓာတ်ပုံ - အတိုင်ပင်ခံရုံး

ထို့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေးဂျီ တာရှီမစ်စုက သူ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင်-

"လက်တလော အသက်ရှုလမ်းကြောင်းရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုကြောင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလအတွင်းတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချီးကျူးကြောင်း၊ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ စေလွှတ်ခြင်းစသည့်တို့အပါအဝင် ရွေးကောက်ပွဲအတွက် ကူညီပံ့ပိုးခွင့်ရခဲ့သည့်အတွက် ဂျပန်နိုင်ငံအနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ ထို့အပြင် အဆွေတော်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအများဆုံးရရှိသည့်ပါတီအဖြစ် အောင်နိုင်ခဲ့သည့်အတွက် အထူးဂုဏ်ယူမိကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ပြီး အစွမ်းကုန် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားသော ရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားရန်အတွက် အဆွေတော်နှင့် ဆက်လက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရမည်ကို ဝမ်းမြောက်စွာ စောင့်မျှော်လျက်ရှိကြောင်း"
ရေးသား ပေးပို့ခဲ့သည်။

သမိုင်းအစဉ်အလာကြီးမားသည့် ရင်းနှီးချစ်ကြည်မှုဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမည်။ ဓာတ်ပုံ - အတိုင်ပင်ခံရုံး
သမိုင်းအစဉ်အလာကြီးမားသည့် ရင်းနှီးချစ်ကြည်မှုဆက်ဆံရေးကို ပိုမိုတိုးမြှင့်သွားမည်။ ဓာတ်ပုံ - အတိုင်ပင်ခံရုံး