အဓိကအကြောင်းအရာသို့ သွားမည်
ဂျပန်ကီရင်ဘီယာကုမ္ပဏီမှ မြန်မာစစ်တပ်နှင့် ဖက်စပ်လုပ်ငန်းမှ ရရှိသော အမြတ်ငွေများကို ဆိုင်းငံ့

တိုကျို၊ နိုဝင်ဘာ(၁၂)

မြန်မာ့စစ်တပ်၏ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည့် ဦးပိုင်လီမိတက်မှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံထားသော မြန်မာဘရူဝါရီလီမိတက်ထံမှ ရရှိခဲ့သော အမြတ်ငွေများအား ဆိုင်းငံ့လိုက်ကြောင်း ဂျပန်ဘီယာကုမ္ပဏီ ကီရင်ဟိုးလ်ဒင်း(Kirin Holding) က ကြေညာလိုက်သည်။ 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ (၉) လအတွင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မြန်မာဘရူဝါရီလီမိတက်သည် အမေရိကန်ဒေါ်လာသန်း (၁၀၀) ကျော်  (မြန်မာငွေ ၁၃၉ ဘီလီယံကျပ်) အမြတ်ရရှိခဲ့သည်ဟု ကီရင်ဟိုးလ်ဒင်း၏ တတိယသုံးလပတ် ဝင်ငွေရရှိမှုစာရင်းတွင် ဖော်ပြထားသည်။

ထိုအမြတ်ငွေနှင့် ပတ်သက်၍ Justice For Myanmar အဖွဲ့က ကီရင်က ရရှိမည့် အကျိုးအမြတ်ဝေစုများကို ဒီမိုကရေစီနည်းတကျ အရပ်သားအစိုးရမှတဆင့် မြန်မာပြည်သူများထံ ရောက်ရှိစေရန် တိုက်တွန်းထားသည်။

ကီရင်ဟိုးလ်ဒင်းအနေဖြင့် မြန်မာစစ်တပ်နှင့် ဖက်စက်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ပစ်ရန် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများကို ကြုံခဲ့ရပြီးနောက် ဦးပိုင်လီမိတက်ကို စုံစမ်းစစ်ဆေးရန်အတွက် စာရင်းစစ်ကုမ္ပဏီ Deloitte ကို ငှားရမ်းခဲ့သည်ဟု ကီရင်ဘက်က ပြောကြားသည်။

ကီရင်ဘက်မှ ဦးပိုင်လီမိတက်ထံသို့ လိုအပ်သည့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု အသေးစိတ် အချက်အလက်များ ထုတ်ဖော်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း လက်ခံရရှိခြင်းမရှိသောကြောင့် စိတ်မကောင်းစွာဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုသည်။

ထို့ကြောင့် ကီရင်အနေဖြင့် Deloitte မှ စစ်ဆေးရရှိသည့် ရလဒ်များအား အများပြည်သူကို ပွင့်လင်းမြင်သာစွာ တင်ပြရန် လိုအပ်သည်ဟု Justice For Myanmar က တိုက်တွန်းထားပြန်သည်။

Kirin Holding (ကီရင်ဟိုးလ်ဒင်း) သည် ၂၀၁၅ ခုနှစ်က မြန်မာ့စစ်တပ်၏ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းစုများဖြစ်ကြသည့် မြန်မာဘီယာနှင့် မန္တလေးဘီယာလုပ်ငန်းများ၏ အစုရှယ်ယာအချို့ကို အမေရိကန်ဒေါ်လာ (၅၆၄)သန်းပေးကာ ဝယ်ယူခဲ့သည်။

Myanmar Brewery ကုမ္ပဏီသည် Myanmar Beer နှင့် Andaman Gold အမှတ်တံဆိပ် ဘီယာများကို ထုတ်လုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဘီယာကုမ္ပဏီဖြစ်ပြီး Kirin Holding အနေဖြင့်လည်း Myanmar Brewery နှင့် ပူးပေါင်းကာ Kirin Ichiban ဘီယာကို ထုတ်လုပ်လျက်ရှိသည်။