အဓိကအကြောင်းအရာသို့ သွားမည်
ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည့် RCEP သည် လက်မှတ်ရေးထိုးပြီးချိန်မှစတင်၍ (၂) နှစ်အတွင်း အကျိုးသက်ရောက်မှု ရှိလာမည်ဟု သိရှိရသည်။

ရန်ကုန်၊ နိုဝင်ဘာ (၁၅)

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာမည့် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

အာဆီယံနိုင်ငံများ ထိပ်သီးညီလာခံကျင်းပပြီးစီးသည့် အဆုံးသတ်နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ (တနင်္ဂနွေ) တွင် RCEP စာချုပ်ကို အာဆီယံ (၁၀) နိုင်ငံနှင့် မိတ်ဘက်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတျေးလျနှင့် နယူးဇီလန်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို စတင်ရန် ၂၀၁၂ ခုနှစ်ကတည်းက ရည်ရွယ်ထားခဲ့ခြင်းဖြစ်ပြီး (၈) နှစ်အကြာတွင် ယခုကဲ့သို့ ကပ်ရောဂါကာလမှာပင် လက်မှတ်ရေးထိုးနိုင်ခဲ့ ခြင်းဖြစ်သည်။

ရည်ရွယ်ချက်အနေဖြင့် ဒေသတွင်း စီးပွားရေးအား မြှင့်တင်သွားရန်၊ ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အား တည်ထောင်ရန်နှင့် RCEP နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား လွတ်လပ်စွာဖြင့် လွယ်ကူချောမွေ့စေရေး အထောက်အကူ ပြုစေရန် စသည်တို့ ဖြစ်ကြသည်။

ယခင်က RCEP သဘောတူညီချက်တွင် အိန္ဒိယနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးမည်ဟု ဖော်ပြခဲ့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယအနေဖြင့် RCEP နိုင်ငံများနှင့်အတူ လက်မှတ်ရေးထိုးတော့မည်မဟုတ်ဟု ကြေညာခဲ့သည်။

RCEP သည် ကမ္ဘာ့စီးပွားရေးလှုပ်ရှားမှုများ၏ ပမာဏ သုံးပုံတစ်ပုံ ပါဝင်ပတ်သက်လာမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ (၃၀) ရာခိုင်နှုန်းတွင် ပါဝင်လာမည်ဖြစ်ပြီး ၂.၂ ဘီလီယံရှိသော စားသုံးသူများထံသို့ ရောက်ရှိမည်ဖြစ်သည်။Photo:ASEAN
RCEP သည် ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ (၃၀) ရာခိုင်နှုန်းတွင် ပါဝင်လာမည်ဖြစ်ပြီး ၂.၂ ဘီလီယံရှိသော စားသုံးသူများထံသို့ ရောက်ရှိမည်ဖြစ်သည်။Photo:ASEAN

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းမှ ပြုလုပ်သော ပုံရိပ်ယောင် အခမ်းအနားတွင် RCEP သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ကြအပြီး အာဆီယံနိုင်ငံများနှင့် မိတ်ဘက် (၅) နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအကြီးအကဲများနှင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးဝန်ကြီးများက စာချုပ်များအား ကိုင်ဆောင်လျက် မတ်တပ်ရပ်အနေအထားဖြင့် ကင်မရာဘက်သို့ မျက်နှာမူကာ အောင်ပွဲခံခဲ့ကြသည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ (၃၀) ရာခိုင်နှုန်းတွင် ပါဝင်လာမည်ဖြစ်ပြီး ၂.၂ ဘီလီယံရှိသော စားသုံးသူများထံသို့ ရောက်ရှိမည်ဖြစ်သည်။

ထို့အပြင် RCEP သဘောတူညီမှုက စက်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအပေါ် လုံး၀ ဖယ်ရှားခြင်း (သို့မဟုတ်) လျှော့ပါးသက်သာစေခြင်းတို့ကို ခံစားခွင့် ရရှိနိုင်မည်ဖြစ်သည်ဟု သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည့် RCEP သည် လက်မှတ်ရေးထိုးပြီးချိန်မှစတင်၍ (၂) နှစ်အတွင်း အကျိုးသက်ရောက်မှု ရှိလာမည်ဟု သိရှိရသည်။