အဓိကအကြောင်းအရာသို့ သွားမည်
တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှာ ယခုနှစ်တွင် နှစ် (၇၀) တိုင်ခဲ့ပြီဖြစ်သည်။ ဓာတ်ပုံ-တရုတ်သံရုံး

ပေကျင်း၊ နိုဝင်ဘာ (၁၇)

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလာဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အပြီးသတ်ကြေညာအပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အောင်နိုင်မှုအတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ခေါင်းဆောင် သမ္မတ ရှီကျင်းဖျင်က ဝမ်းမြောက်ဂုဏ်ပြုစကား ဆိုလိုက်သည်။

သို့ရာတွင် မြန်မာနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသက်တမ်း နှစ် (၇၀) ရှိသော အိမ်နီးချင်း တရုတ်အနေဖြင့် အိန္ဒိယ၊ အမေရိက၊ ဥရောပနှင့် အာဆီယံနိုင်ငံများထက် မြန်မာ့ရွေးကောက်ပွဲရလာဒ်အပေါ် ဝမ်းမြောက်စကား ဆိုခြင်းမှာ နောက်ကျနေသည်။

သမ္မတရှီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိ အာဏာရပါတီ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည်။

ရှီကျင်းဖျင်၏ NLD ပါတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုင်ငံတော်စည်ပင်သာယာဝပြောရေးဟူသော မွန်မြတ်သည့် လုပ်ငန်းကြီးတွင် ပိုမိုကြီးမားသည့် အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

သမ္မတရှီက “တရုတ်ကွန်မြူနစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လျက်ရှိပါတယ်” ဟု ၎င်း၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ရေးသားခဲ့သည်။

ထို့အပြင် သူက ပါတီနှစ်ခုအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးဦးဆောင်မှုကို မြှင့်တင်ပြီး “The Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကို အတူတကွ တည်ဆောက်ရေးမူဘောင်အတွင်း၌ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျကျ ပူးပေါင်းဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းမှ အောင်မြင်မှုရလာဒ်များ ရရှိစေရန် တွန်းအားပေးလျက် နှစ်နိုင်ငံ ပြည်သူများကို အကျိုးပြုစေမည်ဟု တရုတ်သမ္မတ ရှီကျင်းဖျင်၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သို့ နိုဝင်ဘာလ (၁၆) ရက်နေ့က ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင်းဖျင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခဲ့ပြီး ယင်းခရီးစဉ်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်၏ (၁၈) နှစ်အတွင်း မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သော ခရီးစဉ်တစ်ခုလည်း ဖြစ်ခဲ့သည်။