အဓိကအကြောင်းအရာသို့ သွားမည်

ဗဟိုဘဏ်က ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (၅) ခုကို ပြည်ပငွေလွှဲလိုင်စင် ပထမဦးဆုံးအကြိမ် ထုတ်ပေး

ဗဟိုဘဏ်က ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (၅) ခုကို ပြည်ပငွေလွှဲလိုင်စင် ပထမဦးဆုံးအကြိမ် ထုတ်ပေး

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားမဝင်(ဟွန်ဒီ)ငွေလွှဲလုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ (၅)ခုကို ပထမဆုံးအကြိမ်အဖြစ် ပြည်ပငွေလွှဲလိုင်စင်( Remittance Business License )ကို ထုတ်ပေးလိုက်ပါတယ်။

အဲ့ဒီအထဲမှာ နိုင်ငံသား ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ကြတဲ့ OK Zune ၊ ဝါးခယ်မ၊ Top Shine နဲ့ OKM ကုမ္ပဏီတွေပါဝင်ခဲ့ပြီး ပြည်ပကုမ္ပဏီအဖြစ် ထိုင်းနိုင်ငံအခြေစိုက် 2C2P လည်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

အရင်ကဆိုရင် ပြည်ပငွေလွှဲလုပ်ငန်းတွေကို ဘဏ်တွေကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး အခုအခါ ပုဂ္ဂလိကကုမ္ပဏီတွေကို ပထမဆုံးအကြိမ် လုပ်ကိုင်ခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဟွန်ဒီလုပ်ငန်းတွေ ပပျောက်သွားစေဖို့ ရည်ရွယ်ချက်နဲ့ ဗဟိုဘဏ်အနေနဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်တွေ ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို လိုင်စင်လျှောက်ထားကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဘဏ်ပြင်ပလုပ်ငန်းမှာ စီးဆင်းနေတဲ့ ငွေတွေဟာ ဘဏ်လုပ်ငန်းထဲ စီးဆင်းနေတဲ့ ငွေပမာဏထက်များနေပြီး ဒါတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ တရားဝင်ငွေလွှဲလုပ်ငန်းတွေကို လိုင်စင်ချထားပေးဖို့ စီစဉ်ခဲ့တာလို့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးဘိုဘိုငယ်က ပြောကြားထားဖူးပါတယ်။

ယခု လိုင်စင်ရရှိထားတဲ့ကုမ္ပဏီတွေအနေနဲ့ လိုင်စင်ရတဲ့နေ့က စတင်ပြီး (၃)လအတွင်း ပြည်ပငွေလွှဲလုပ်ငန်း စတင်ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က အသိပေးထားပါတယ်။

ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအနေနဲ့ ကုမ္ပဏီထူထောင်ထားရမှာဖြစ်ပြီး တရားဝင်အခွန်ဆောင်ထားတဲ့ ကျပ်ငွေ သန်း(၁၀၀)ကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲခွင့်လိုင်စင်ရရှိထားတဲ့ ဘဏ်တစ်ခုခုမှာ စာရင်းဖွင့်အပ်နှံထားရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပြည်ပသို့ ငွေလွှဲပေးပို့တဲ့နေရာမှာလည်း တစ်ကြိမ်ကို ဒေါ်လာ ၁,၀၀၀ နဲ့ ညီမျှသော ကျပ်ငွေကိုသာ ခွင့်ပြုထားပြီး လူပုဂ္ဂိုလ်တစ်ဦးက ပြည်ပကို ငွေလွှဲမယ်ဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၅,၀၀၀ အထက် လွှဲခွင့်မပြုကြောင်းကိုလည်း သတ်မှတ်ထားပါတယ်။

#BETV #Business #CentralBankofMyanmar #CBM #Remittance

ဆက်စပ် အကြောင်းအရာများ (Tags)